သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက အကြာကြီး အာရုံစိုက်ပြီး အခြား စာမျက်နှာတွေ၊ ပုံတွေကို စိတ်ဝင်စားချင်မှာ ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေ ကလေးက စာအုပ်ကို ကိုက်တာ၊ စာအုပ်နဲ့ ကစားတာ လုပ်ပါလိမ့်မယ်။ သူလုပ်ချင်တာ လုပ်ပါစေ။ အဓိကက ကလေးနဲ့ စာအုပ် ယဉ်ပါးဖို့ ဖြစ်ပါတယ်။ ပုံလေးတွေအကြောင်း ပြောပြပါ စာတွေအကုန်လုံး ၏၊ သည်၊ ၍ မလွဲ ဖတ်ပြစရာ မလိုပါဘူး။ ရုပ်ပုံလေးတွေပြပြီး သူတို့ကို ပုံထဲက အကြောင်းတွေ ပြောပြပါ။ ဥပမာ ကြောင်ပုံပြပြီး CAT လို့ ပြောပြပါ။ ပြီးရင် အဲ့ဒီ ကြောင်လေး အကြောင်း ပြောပြပါ။ ဘာအရောင်လဲ၊ ဘာလုပ်နေလဲ စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေလဲ သီချင်းဆိုပြပါ။ ကလေးကို သူ့ဖာသာ စာမျက်နှာတွေ လှန်ပါစေ ကလေးငယ်လွန်းရင် စာမျက်နှာတွေ သူ့ဟာသူ မလှန်နိုင် သေးပါဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်ဆို စာမျက်နှာတွေ လှန်ချင်ပါလိမ့်မယ်။ ၃နှစ် လောက်ဆို ကောင်းကောင်း စာမျက်နှာတွေ လှန်နိုင်ပါပြီ။ ပေးလှန်လိုက်ပါ။ စုတ်သွား ပြဲသွားမှာ သိပ်စိတ်မပူပါနဲ့။ စာမျက်နှာတွေ ကျော်ဖတ်ရင်လဲ ပြဿနာ မရှိပါဘူး။ စာအုပ်အဖုံးကိုအရင်ပြပါ စာအုပ်အဖုံးက ပုံကို ပြပြီး ကလေးကို ဒါဘာပုံပြင်လဲ ပြောပြပါ။ ကလေး ၃-၄ နှစ် လောက်ဆို သူတို့ကို ဘာပုံပြင် ဖြစ်မလဲ အရင်မေးပါ။ စာလုံးလေးတွေကို ထောက်ပြပါ စာဖတ်ရင်…
